ပျူစောထီးဆိုသူ အသတ်ခံရပြီးနောက် ရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရ
ပျူစောထီးဆိုသူ အသတ်ခံရပြီးနောက် ရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရ
------------
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရီးဒွေးရွာတွင် ပျူစောထီးအဖွဲ့ဝင်ဆိုသူ ပစ်သတ်ခံရပြီးနောက် အခြားကျေးရွာက ပျူစောထီးအဖွဲ့ဝင်များ ထိုရွာရှိနေအိမ်များကို ဒီဇင်ဘာလ ၁၀ရက် နံနက် ၈နာရီခန့်တွင် လာရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၈ ရက် ညပိုင်းတွင် ပျူစောထီးအဖွဲ့ဝင် မောင်ဆန်းဆိုသူကို Kanbalu Underground Warriors (KBU-UG) အဖွဲ့က ပစ်ခတ်ခဲ့ရာ ၎င်းသေဆုံးသွားခြင်းဖြစ်သည်။
"သူနေတဲ့ တဲမှာပဲ တူမီးနဲ့ ရှင်းလိုက်တာ။ အဲ့ညမှာတင် ဖရဲသီး(အတွင်းသတင်းပေးသူ) သတင်းအရ ရွာကို မီးရှို့မယ်လို့ ကျွန်တော်တို့ စကြားရတယ်။ တကယ်လည်း သူတို့ အခုလိုလုပ်သွားတယ်"ဟု KBU-UG အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထို့ပြင် ရွာရှိ ဆန်တင်း ၅၀၀၊ ဆိုင်ကယ်၊ ရေစုပ်စက်၊ ရေမော်တာ၊ မီးမော်တာ၊ လှည်းများနှင့် အပ်ချုပ်စက် အစရှိသည့် တန်ဖိုးရှိပစ္စည်းများအား ပျူစောထီးများက ယူဆောင်သွားကြကြောင်း ဒေသခံများက စာရင်းနှင့်တကွ မဇ္ဈိမသို့ သတင်းပို့ထားသည်။
ရီးဒွေးရွာက NLD အဖွဲ့ဝင်များနှင့် တော်လှန်ရေး တက်ကြွလှုပ်ရှားသူများမှာ ယခင်ကပင် နေအိမ်များကို စွန့်ခွာတိမ်းရှောင်နေကြပြီး ကျန်ဒေသခံများမှာလည်း လက်ရှိတွင် တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။
"လွန်ခဲ့တဲ့ တစ်လခွဲလောက်ကလည်း ရွာက ဒလန်တစ်ယောက်သေလို့ဆိုပြီး မီးရှို့ဖူးတယ်။ ဒီကြားထဲလည်း သူတို့ ရှို့ချင်ရင်ရှို့ နေကြတာပဲ။ အခုလို ကြီးကြီးမားမား ဖြစ်တာကတော့ ဒါနဲ့ဆို နှစ်ကြိမ်ပေါ့”ဟု ရွာခံတစ်ဦးက ပြောသည်။
ကန့်ဘလူမြို့က ပျူစောထီးအင်အား ၆၀ ခန့်မှ အယောက် ၂၀ ခန့်သည့် ဇီးပင်သားကျေးရွာတွင် စောင့်ကြပ်နေပြီး ကျန် အယောက် ၄၀ မှာ ရီးဒွေးရွာ အနီးတွင် တောနင်းရှာဖွေနေကြကြောင်း ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံက သိရသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ရွာနေအိမ်များ မီးရှို့ခံရမှုကို ရှုတ်ချပြီး မကြာခင် လက်တုံ့ပြန်သွားမည်ဟု ဆိုသည်။
Comments
Post a Comment