ကုလသမဂ္ဂအေဂျင်စီများ မင်းအောင်လှိုင်တပ်နှင့် ပူးပေါင်းခြင်းမပြုရန် အရပ်ဘက်အဖွဲ့ ၂၅၅ ခု သတိပေ


 ကုလသမဂ္ဂအေဂျင်စီများ မင်းအောင်လှိုင်တပ်နှင့် ပူးပေါင်းခြင်းမပြုရန် အရပ်ဘက်အဖွဲ့ ၂၅၅ ခု သတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ 

ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် မင်းအောင်လှိုင်တပ်နှင့် ပူးပေါင်းခြင်းမပြုရန် အရပ်ဘက်အဖွဲ့ ၂၅၅ ခု သတိပေးတောင်းဆိုလိုက်သည်။ 

အရပ်ဘက်လူထုအဖွဲ့အစည်း ၂၅၅ ဖွဲ့က  တရားမဝင်၊ လူသတ်သမား မြန်မာစစ်အုပ်စုအား တရားဝင်မှု ရစေမည့် ပူးပေါင်းဆောင်ရွက်မှု ပုံစံအားလုံးကို ကုလသမဂ္ဂ၏ အေဂျင်စီများ၊ ရန်ပုံငွေထောက်ပံ့မှုများ၊ ပရိုဂရမ်များနှင့် တခြားအစိတ်အပိုင်းများ အားလုံးအနေဖြင့် ရပ်တန့်ရန် တောင်းဆိုသည်။

 စစ်အုပ်စုမှ မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ် ရက်စက်စွာဖြင့် ကြီးမားသော ဒုက္ခဆင်းရဲများ ကျရောက်စေရန် ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့်အပြင် နဂိုရှိနှင့်နေသည့် ဆိုးရွားသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ  အကျပ်အတည်း အခြေအနေများ ကိုလည်း ပိုမိုဆိုးရွားလာစေသောကြောင့် စစ်အုပ်စုနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ထိုးခြင်းနှင့် စစ်အုပ်စု၏ ကိုယ်စားလှယ်များအား နိုင်ငံတကာအစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းများ လုံးဝမလုပ်ဆောင်ရန် တို့ပါ၀င်ကြောင်း သိရှိရသည်။ 

ကုလသမဂ္ဂအေဂျင်စီများသည် MoU များ လက်မှတ်ရေးထိုးခြင်းနှင့် တခြားသောပုံစံများဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းမှတစ်ဆင့် စစ်အုပ်စုအား တရားဝင်မှုရစေခြင်းနှင့် ၎င်း၏ ဝါဒဖြန့်ချိရေး ယန္တရားအား ထောက်ကူအားပေးသော နေရာကို ပံ့ပိုးပေးနေကြောင်း၊  MoU တစ်ခု လက်မှတ်ရေးထိုးခြင်းမှတစ်ဆင့် စစ်အုပ်စုနှင့် မိတ်ဖွဲ့ခြင်းက ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်နိုင်စွမ်းကို အထိခိုက်ခံပြီး  အလျော့အတင်း လုပ်နေခြင်းသည် စစ်အုပ်စုမှ ၎င်း၏ ကြီးများကျယ်ပြန့်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်စေရန် ပိုမိုအတင့်ရဲစေခြင်းအပြင် ၎င်းတို့၏ သူရဲဘောကြောင်သော နိုင်ငံရေးနှင့် စစ်ရေး ရည်မှန်းချက်များ အထမြောက်စေရေးအတွက် ဩဇာအရှိန်အဝါတစ်ခု အပ်နှင်းပေးလိုက်သလို ဖြစ်စေကြောင်း အရပ်ဘက်အဖွဲ့များက သတိပေးသည်။ 

မကြာသေးမီအချိန်က ကုလသမဂ္ဂတွင် စစ်အုပ်စုဘက်မှ လျှောက်ထားသော ကိုယ်စားလှယ်အား ပယ်ချလိုက်သည့်  ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ၏ ဆုံးဖြတ်ချက်သည် စစ်အုပ်စုက မြန်မာနိုင်ငံအား ကိုယ်စားမပြုကြောင်းကို ကမ္ဘာ့အုပ်ချုပ်ရေးယန္တရား အဖွဲ့အစည်းတစ်ခုက အတည်ပြုလိုက်ခြင်းပင် ဖြစ်သည်။

 သို့ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ခန့်အပ်သော လက်ရှိကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦကျော်မိုးထွန်းမှ တင်သွင်းသော ကိုယ်စားလှယ်များကို ကုလသမဂ္ဂအေဂျင်စီများက ၎င်းတို့၏ အဖွဲ့အစည်းအစိတ်အပိုင်းများ အားလုံးတွင်သာမက ၎င်းတို့နှင့် ဆက်စပ်သော ဖိုရမ်များနှင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ရန် လက်ခံရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ပူးတွဲစီစဉ်ကျင်းပသော အွန်လိုင်းအစည်းအဝေးတစ်ခုကို စစ်အုပ်စုက တက်ရောက်စေခဲ့ခြင်းပင် ဖြစ်ကြောင်း၊  တခြားသော ကုလသမဂ္ဂအေဂျင်စီများ ပြုလုပ်သော  “ITU Digital World 2021”၊ UNWTO အဖွဲ့၏ The Future of World Tourism Summit–Ministerial Debate နှင့်  UNEP အဖွဲ့၏ United Nations Biodiversity Conference တို့အပါအဝင် ထိပ်သီးဆွေးနွေးပွဲများ၊ အစည်းအဝေးများနှင့် ပွဲများကိုလည်း စစ်အုပ်စုကို ပါ၀င်တက်ရောက် စေခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် ကုလသမဂ္ဂအေဂျင်စီများ၊ ရန်ပုံငွေထောက်ပံ့မှုများနှင့် ဖရိုဂရမ်များသည် လူ့အခွင့်အရေးကို အဓိကမဏ္ဍိုင်တစ်ရပ်အဖြစ် ရပ်တည်ကိုင်စွဲရမည်ဟု ဖော်ပြထားကြောင်း၊  ထို့ကြောင့် ကုလသမဂ္ဂအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကို “လက်လှမ်းမီ” လုပ်ကိုင်နိုင်ရေးအတွက် လူ့အခွင့်အရေးများကို ချနှင်းပြီး စစ်အုပ်စု၏ အလိုကို ဖြည့်ဆည်းပေးသည့် မိစ္ဆာနှင့်ပူးပေါင်းဆောင်ရွက်ခြင်းများ လုံး၀မရှိစေရေး လုပ်ဆောင်ရမည်ဟု အရပ်ဘက်အဖွဲ့များက ပြောသည်။ 

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (UDHR) သည် ကုလသမဂ္ဂ၏ လုပ်ငန်းအစီအစဉ်များအားလုံးတွင် လူ့အခွင့်အရေးကို အခြေခံပြီး ချဉ်းကပ်လုပ်ဆောင်ရမည့် လမ်းညွှန်ဖြစ်သကဲ့သို့ အထွေထွေအတွင်းရေးမှူးချူပ်အနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများအားလုံး၏ ဗဟိုချက်ဖြစ်သည့် လူ့အခွင့်အရေးကို  မထိခိုက်စေရေး ကြိုးပမ်းကာကွယ်ခြင်း (human rights due diligence) နှင့် မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး (do no harm) မူ တို့ကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

သို့ဖြင့် အထွေထွေအတွင်းရေးမှူးချုပ်၏ “လူ့အခွင့်အရေးအတွက် လှုပ်ရှားကြရန် တောင်းဆိုမှု” နှင့်အညီ မြန်မာပြည်သူလူထု၏ အခွင့်အရေးများကို လေးစားလိုက်နာ ကာကွယ် စောင့်ရှောက်ရေး အာမခံရန် အလွန်ပင် အရေးကြီးကြောင်း ထောက်ပြထားသည်။

စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး နိုင်ငံတကာ မြန်မာ့အရေးကျွမ်းကျင်သူများမှ သတ်မှတ်ထားသည့် အကြမ်းဖက်မှုလုပ်ရပ်များကိုလည်း နေ့စဉ်နှင့်အမျှ ကျူးလွန်နေကြောင်း၊  ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှစ၍ မြန်မာစစ်အုပ်စုသည် ကလေးသူငယ်ဦး‌ရေ အနည်းဆုံး ၁၀၀ အပါအဝင် အရပ်သားပြည်သူအားလုံးပေါင်း ၁,၃၀၃ ဦးကျော်ကို သတ်ဖြတ်ခဲ့ပြီး  အရပ်သားပြည်သူ ၁၀,၇၂၇ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထောက်ပြထားသည်။ 

စက်တင်ဘာလမှစ၍ မြန်မာစစ်တပ်သည် ချင်းပြည်နယ်ရှိ ထန်တလန်မြို့ကို လက်နက်ကြီးများဖြင့် ရက်စက်ကြမ်းကြုတ်စွာ စနစ်တကျ ပစ်ခတ်ခြင်းများနှင့် မီးရှို့ခဲ့ခြင်းတို့ကြောင့် လူနေအိမ်ပေါင်း ၂၅၀ ကျော် မီးလောင်ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း စစ်အုပ်စုသည် ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ်ပြီး စစ်ကားဖြင့် တိုက်သတ်ဖြိုခွင်းခဲ့သဖြင့် လူငါးဦးသေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ကြောင်း၊ ယင်းသို့သော အစွန်းရောက် အကြမ်းဖက်မှုပုံစံများကို နိုင်ငံ၏ နေရာဒေသ အနှံ့အပြားတွင် စစ်အုပ်စု၏ တပ်ဖွဲ့များက ထပ်ခါတလဲလဲ ကျူးလွန်နေကြောင်း ထောက်ပြ သတိပေးထားသည်။

သို့ရာတွင် ကုလသမဂ္ဂအေဂျင်စီများသည် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဖြစ်သော “မည်သူမျှ ထိခိုက်နစ်နာမှုမရှိစေရေး” စံသတ်မှတ်ချက်ကို လိုက်နာကျင့်သုံးရန် ကတိကဝတ် ရှိထားသော်လည်း  အစွန်းရောက် အကြမ်းဖက်မှုလုပ်ရပ်များ ဆက်လက် ကျူးလွန်နေသော ယင်းစစ်အုပ်စုနှင့် လက်တွဲအလုပ်လုပ်ရန် ရွေးချယ်ခြင်းက ၎င်းတို့ကုလသမဂ္ဂ အေဂျင်စီများမှ အမွှန်းတင်ပြောဆိုနေသော “ကြားနေရေးနှင့် ဘက်မလိုက်ရေး” အခြေခံမူများကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်ဟု ထောက်ပြပြောဆိုသည်။

စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ကြားနေရေးမူနှင့် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမည့် ၎င်းတို့၏တာဝန်ဝတ္တရားများကို ဆန့်ကျင်နေသည့်အပြင် မြန်မာပြည်သူလူထုအား အကူအညီပေးရာတွင် လွဲမှားသော ချဉ်းကပ်မှုတစ်ခုလည်း ဖြစ်ကြောင်း၊ စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် ဆက်လက်အသုံးချနေပြီး  ကူညီထောက်ပံ့မှု ပေးနေသူများအား ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့အပြင် အရပ်သားပြည်သူများအား ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့် အရပ်သားပြည်သူ များသထက်များလာနေပြီး ခိုကိုးရာမဲ့ဘဝအခြေအနေသို့ ရောက်ရှိနေရကြောင်း ပြောဆိုထားသည်။

တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့မှ ချင်းနှင့် ရိုဟင်ဂျာများအပါအဝင် ပြည်သူများအတွက် အသက်ကယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ရာတွင် ကန့်သတ်မှုနှင့် ပိတ်ဆို့တားမြစ်မှုများနှင့်ကြုံတွေ့ခဲ့ရသဖြင့် MoU များ၏ ထိရောက်မှုအပေါ်တွင်လည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်ဟု အရပ်ဘက်အဖွဲ့များက ပြောသည်။ 

 မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂတာဝန်ခံ (UN Resident Coordinator) သည် မြေပြင်ပေါ်တွင် ဖြစ်ပွားနေသော အခြေအနေကို ပုံမှန်လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ စနစ်တကျ ပျက်ကွက်ကျရှုံးမှုများ နောက်တစ်ကြိမ် ထပ်ဖြစ်လာမည့် အန္တရာယ်ရှိနေကြောင်း၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂတာဝန်ခံအနေဖြင့် အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးရမည် ဖြစ်ကြောင်း ထောက်ပြထားသည်။

ထို့အပြင် လူသားလုံခြုံရေးအပေါ် နောက်ထပ်သော အန္တရာယ်များ မကျရောက်စေဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အလိုအပ်ဆုံးသော ပြည်သူများထံသို့ ပေးပို့လုပ်ဆောင်ရန် အလွန်အရေးကြီးကြောင်း၊ ကျရှုံးနေသော အာဏာသိမ်းရန် ကြိုးပမ်းမှုက ကုလသမဂ္ဂ၏ လုပ်ငန်းအစီအစဉ်များကို မဖြစ်မနေ ပြန်လည်ချိန်ညှိပြင်ဆင်ရသည့် အနေအထားသို့ ရောက်ရှိစေခြင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အတွက် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည့် NUG တို့အား အကောင်အထည်ဖော်ဆောင်ရေး မိတ်ဘက်များအဖြစ် သတ်မှတ်သည့် လူ့အခွင့်အရေးဆိုင်ရာဘုံမဟာဗျူဟာတစ်ရပ် ရေးဆွဲရန်  အခွင့်အလမ်း တစ်ခုပင် ဖြစ်သည်။

 ကုလသမဂ္ဂသည် NUG နှင့်တွေ့ဆုံပြီး ဒေသခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီများ ပေးအပ်ရမည်ဖြစ်ကြောင်း၊  ပဋိပက္ခဒေသများအတွင်း လှုပ်ရှားလုပ်ဆောင်နေသော တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ နိုင်ငံအနှံ့တွင် အသစ်ဖွဲ့စည်းထားသော ကွန်ရက်များသည် အကူအညီများကို ထိရောက်စွာ ပို့ဆောင်၊ ဖြန့်ဝေပေးနိုင်သည့် အတွေ့အကြုံများနှင့် လုပ်ကိုင်နိုင်စွမ်း ရှိထားသည့်အပြင် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရထားပြီး အမှန်တကယ် ဆောင်ရွက်နိုင်သည့် အခြေခံအဆောက်အအုံလည်း ရှိကြောင်း ပြောဆိုထားသည်။

 နွေဦးတော်လှန်ရေးသည် အောင်မြင်မှုများ ရရှိနေပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် ၎င်း၏အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ဆယ့်တစ်လနီးပါး ကြာလာသည့်တိုင် နိုင်ငံကို ထိန်းချုပ်လွှမ်းမိုးနိုင်ခြင်း မရှိသေးကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူလူထု နှင့်အတူ ရပ်တည်ပြီး သွေးစည်းညီညွတ်မှုပြကာ ၎င်းတို့၏ ရုန်းကန်မှုကို ပံ့ပိုး‌ရမည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် ဇွန်လတွင် ချမှတ်ခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်နှင့်အညီ ကုလသမဂ္ဂ အေဂျင်စီများသည် ဒီမိုကရေစီနှင့် မြန်မာပြည်သူလူထု၏ ဆန္ဒကို ထောက်ခံပံ့ပိုးကြောင်း ရှင်းရှင်းလင်းလင်း ပြသရမည်ဖြစ်ပြီး အရပ်သားပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်းပြန်လွှတ်ပေးရေးတို့ကို တိုက်တွန်းတောင်းဆိုရမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ပြောသည်။

စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေသည့် မူလဇစ်မြစ် ဖြစ်နေရာ ၎င်းတို့သည်  ဤအကျပ်အတည်း ဖြေရှင်းရေးအတွက် မိတ်ဖက်လုံးဝမဟုတ်ကြောင်း ထောက်ပြထားည်။ 

ကုလသမဂ္ဂအနေဖြင့် မြန်မာလူထုအပေါ် ဆက်လက်ပျက်ကွက်နေ၍ မရဘဲ ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများ လိုက်နာစောင့်ထိန်းရေးကို အဓိကဦးစားပေးအဖြစ် ထားရှိရမည်ဖြစ်ပြီး ‌“မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး” အတွက် ၎င်းတို့၏ ကတိများကို ဖော်ဆောင်ရမည်ဟု အရပ်ဘက်အဖွဲ့များက ဆိုသည်။



Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ