အသံတိတ်သပိတ်ရက် လမ်းပေါ်လူမရှိချိန် မန္တလေး၌ စစ်ကား ၂ စီး အချင်းချင်းတိုက်၊ ၃ ဦး ပြင်းထန်ဒဏ်ရာရ
အသံတိတ်သပိတ်ရက် လမ်းပေါ်လူမရှိချိန် မန္တလေး၌ စစ်ကား ၂ စီး အချင်းချင်းတိုက်၊ ၃ ဦး ပြင်းထန်ဒဏ်ရာရ
နိုင်ငံတစ်ဝန်း အသံတိတ်သပိတ် (Silent Strike) ပြုလုပ်သော ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းတွင် မန္တလေးမြို့၌ စစ်ကားနှစ်စီး အချင်းချင်း တိုက်မိပြီး ကားပေါ်မှ စစ်သားများ ပြုတ်ကျကာ အနည်းဆုံး သုံးဦး ပြင်းထန်ဒဏ်ရာရခဲ့သည့် ရုပ်သံ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့လာသည်။
အဆိုပါ ရုပ်သံဖိုင်တွင် အရှိန်ပြင်းစွာ လာသည့် Faw ကား နှင့် Double Cab ကားတို့ လမ်းဆုံတွင် တိုက်မိပြီး ကားပေါ်မှ စစ်သား သုံးဦး လွင့်စဥ်ကျသွားခဲ့သည်ကို တွေ့ရသည်။
“စစ်ကားအကြီးက မြောက်ကနေ တောင်ဘက် တအား မောင်းလာချိန်မှာ အနောက်ဘက်ကနေ အရှိန်နဲ့ ဆင်းလာတဲ့ ကားသေးနဲ့ ဝင်တိုက်မိတာပါ။ ကားသေးကို ခါးလယ်ကနေ ဝင်တိုက်လိုက်တော့ အဲဒီမှာ စစ်သားတစ်ယောက် ချက်ချင်းပဲ လွင့်ကျသွားတယ်။ ကားပေါ်ကနေ စစ်သားလေးယောက်ထက် မနည်း ပြုတ်ကျထားတာ တွေ့ရတယ်။ ဒဏ်ရာ အတော်ပြင်းပြင်း ရထားတာ တွေ့တယ်” ဟု ယာဉ်တိုက်မှုကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ၃၅ လမ်း ခုံးကျော်တံတားပေါ်မှ အရှေ့ဘက်သို့ ခပ်ပြင်းပြင်း အရှိန်ဖြင့် ဆင်းလာသည့် စစ်သုံး Double Cab ယာဉ်ငယ်ကို ၇၈ လမ်းအတိုင်း မြောက်မှတောင်သို့ အပြင်း မောင်းလာသည့် စစ်သုံး Faw ကားက ၇၈ လမ်းနှင့် ၃၅ လမ်း လမ်းဆုံမီးပွိုင့် အရောက်တွင် ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များ အပြောအရ သိရသည်။
မန္တလေး ချမ်းအေးသာစံ မြို့နယ်နှင့် မဟာအောင်မြေ မြို့နယ်အစပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ စစ်သားများ ထိခိုက်ဒဏ်ရာ ရရှိမှု နောက်ဆက်တွဲကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
Comments
Post a Comment