မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက အိမ်ဖောက်တွင်းကာ ပစ္စည်းများကို ခိုးယူ


 မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက အိမ်ဖောက်တွင်းကာ ပစ္စည်းများကို ခိုးယူတင်ဆောင်မှု ဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

မန္တလေးတိုင်း၊ မန္တလေးမြို့ ၇၁ လမ်း၊ ၁၀၇ x ၁၀၈ လမ်းကြားတွင် တည်ရှိသည့် နေအိမ်တစ်အိမ်ကို ယနေ့ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အိမ်သော့ဖျက်ကာ အိမ်ရှိပစ္စည်းများကို ယူဆောင်ခိုးယူသွားကြောင်း ရပ်ကွက်အတွင်းရှိ ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ 




အဆိုပါ နေအိမ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဖမ်းဆီးခံလိုက်ရသည့် မောင်အောင်မြင့်မြတ်၏ နေအိမ်လည်း ဖြစ်သည်။

“နေ့လယ် ၁၂ ခွဲကနေ ၁ နာရီခွဲကြားမှာ ကား နှစ်စီး၊ ဆိုင်ကယ် ၆ စီးနဲ့ ကားက လူ ၂ ယောက်စီပါတယ်၊ ဆိုင်ကယ်က ၂ ယောက်စီ ။ အရပ်ဝတ်နဲ့ချည်းပဲ သေနတ်တွေ ပါတယ်။ လမ်းထိပ်ကို ဘယ်သူမှ မဝင်အောင် ပိတ်ရပ်ပြီး အိမ်က ရှိသမျှ အကုန်ယူသွားကြတာ” ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောဆိုသည်။ 

လက်ရှိအချိန်တွင် မောင်အောင်မြင့်မြတ်၏ မိသားစုမှာ တိမ်းရှောင်နေဆဲဖြစ်ပြီး မောင်အောင်မြင့်မြတ် ဖမ်းဆီးခံရချိန်တွင် လက်နက်များမှ အပ စာရင်းထဲရှိ ပစ္စည်းများကို ပြန်ပေးသည် ဆိုသော်လည်း ယနေ့နံနက်တွင် ဝင်ရောက် ဖောက်ထွင်းကာ ခိုးယူသွားခြင်းဖြစ်သည်ဟု မောင်အောင်မြင့်မြတ်၏ အစ်မ ဖြစ်သူက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ 

“ရပ်ကွက်လူကြီးကို တိုင်တော့ သူက လာကြည့်ပြီး တန်းပြန်သွားတယ်။ ဘေးက လူတွေကို နင်တို့ အသက်မသေချင်ရင် ကိုယ့်ဘာသာနေလို့ ပြောတယ်တဲ့။ ဘာမှ လုပ်မပေးနိုင်ဘူး သူနဲ့ ဘာမှ မဆိုင်ဘူးပြောတယ်။ အိမ် သော့ကို ဖျက်ပြီး အိမ်က ရှိသမျှ အကုန်ခိုးသွားတယ်။ သော့အသစ်ပြန်ခတ်သွားတယ် ပြောတယ်။ ခိုးလို့မရတာတွေ အကုန်ရိုက်ခွဲခဲ့လို့လည်း ပြောသံတွေ ကြားရတယ်” ဟု ၎င်းက ပြောပြသည်။ 

နေအိမ်ကို သော့ခတ်သွားခဲ့ပြီး သော့လိုချင်ပါက နန်းတွင်းထဲသို့ လာယူရန် ဘေးအိမ်သို့ ပြောသွားကြောင်း၊ နေအိမ်ရှိကားကို မောင်အောင်မြင့်မြတ်ဆက်စပ်အမှုနှင့် လာသိမ်းသည်ဟု ဆိုသော်လည်း အိမ်တွင်းရှိ ပစ္စည်းများ အားလုံးကိုပါ ဖောက်ထွင်းခိုးယူသွားခြင်းဖြစ်ကြောင်း မောင်အောင်မြင့်မြတ်၏ အစ်မ ဖြစ်သူက ပြောကြားသည်။ 

“ပထမနေ့က မောင်လေးတို့ကို လာဖမ်းတုန်းက မိသားစုတွေ အကုန်ရှိပါတယ်။ အဲတုန်းက အမေ့ရှေ့တင် ပိုက်ဆံ သိန်း ၅၀ ကျော် ၊ Tablet ၊ ဖုန်း၊ ရွှေတွေ အကုန်ခိုးသွားတာ စာရင်းထဲ မထည့်ဘဲ။ သူတို့ ဗိုလ်ကြီး မမြင်အောင် ထိုးထည့်သွားတယ်။ သူတို့ဗိုလ်ကြီး မြင်တဲ့ဟာတွေတော့ ပြန်ပေးတယ် ။  အခုက ထပ်ပြီး အိမ်ကို ဝင်ဖောက်ပြီး ထပ်လာယူသွားတာ ” ဟု ၎င်းက ပြောပြသည်။

မောင်အောင်မြင့်မြတ် အပါအဝင် ကိုခင်မောင်ထွေး၊ ကိုလင်းလင်း၊ ကိုရဲဝင့်ကျော်တို့ လေးဦးကို လက်နက်မှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်ကြောရေးသို့ ပို့ဆောင်ထားသည်ဟု သိရှိရသော်လည်း မည်သည့်‌ စစ်ကြောရေးတွင် ဖမ်းဆီးထားသည်ကိုမူ မိသားစုဝင်များ မသိရှိရသေးပေ။

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ