အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်၍ ရခိုင်ပြည်သူများ စစ်ရေးသတိရှိကြရန် AA ထုတ်ပြန်

 

အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်၍ ရခိုင်ပြည်သူများ စစ်ရေးသတိရှိကြရန် AA ထုတ်ပြန်
===============
မဇ္ဈိမ

ရခိုင်ပြည်နယ်အတွင်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေသို့ ရောက်ရှိလာနေသည့်အတွက် ရခိုင်ပြည်သူများအနေဖြင့် စစ်ရေးသတိထားပြီး နေထိုင်ကြရန် ရက္ခိုင့်တပ်တော် (AA) က ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှု ရပ်စဲနေသည့် တစ်နှစ်ကျော်အကြာတွင် ရက္ခိုင့်တပ်တော် (AA) က ဒေသခံ ရခိုင်ပြည်သူလူထုအပေါ် ထိုသို့ စစ်ရေးသတိပေးချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အကြောင်းပြချက်အမျိုးမျိုးဖြင့် ကျေးရွာများကို ဝင်ထွက်ခြင်း၊ စစ်ရေးနယ်မြေ စိုးမိုးရေး လှုပ်ရှားခြင်းနှင့် တပ်အပြောင်းအရွှေ့များကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ယင်းအပြင် ဘုန်းတော်ကြီးကျောင်းများ၌ ညအိပ်ခြင်း၊ ဒေသခံများ၏ အခြေခံစားသောက်ကုန် သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများအပေါ် ပိတ်ပင်တားဆီးခြင်းကြောင့် ဒေသခံများ စားဝတ်နေရေး ကြပ်တည်းမှုကို ဖြစ်ပေါ်စေပြီး နှစ်ဖက်တင်းမာမှုများကိုလည်း မြင့်တက်လာစေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် ဒီဇင်ဘာလ ၁၃ ရက်တွင် စတင်ကျင်းပမည့် ပေါက်တောမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ဘုရားပွဲတော် သွားရာလမ်းတစ်လျှောက်တွင် လမ်းပြုပြင်ရေး အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့်အတွက် ချင့်ချိန်စဉ်းစားပြီးမှ ဘုရားဖူးသွားလာကြရန် ရက္ခိုင့်တပ်တော် (AA) က အကြံပြုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ လဆန်းပိုင်းက မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ရပ်စဲထားသည့် တစ်နှစ်ပြည့်ချိန်တွင် လက်နက်ကြီးသံများ ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်၍ AA နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်နှစ်နီးပါးကြာ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် တိုက်ပွဲများ ယာယီရပ်စဲနေခဲ့သည်။

တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ဦးရေ ၂၀၀‚၀၀၀ ကျော် ရှိခဲ့ပြီး အများစုမှာ လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်ကြသေးပေ။
=============

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ