KNU ကွန်ကရက် နှစ်ဆန်းတွင် လုပ်မည်


 KNU ကွန်ကရက် နှစ်ဆန်းတွင် လုပ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်။ 

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး အကြပ်အတည်းများကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ဂရက် ညီလာခံကို လာမည့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပသွားမည်ဟု KNU က ပြောသည်။

၂၀၂၂ နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် KNU ကွန်ဂရက်ညီလာခံနှင့် ပတ်သက်၍ KNU ၏ ဗဟိုကော်မတီဝင်လည်း ဖြစ်၊ နိုင်ငံခြားရေးဌာန တာဝန်ခံလည်းဖြစ်သည့် ပဒိုစောတောနီးက ယခုကဲ့သို့ ပြောသည်။ 

”ရည်ရွယ်ထားတာက ဟိုး ၂၀၂၁ နှစ်ဆန်းကတည်းက ကိုဗစ်ကာလနဲ့ အာဏာသိမ်းဖြစ်စဉ်တွေ ဖြစ်သွားတာကတော့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတဲ့ အခါကျတော့ အဲလို အချိန်တွေဖြစ်သွားတာ ဖြစ်တယ်။ အဲဒါ ကြောင့်မို့လို့ အချိန်အတိအကျကတော့ ပြောလို့မရသေးဘူး။ လုပ်မှာကတော့ သေချာပါတယ်” ဟု ပဒိုစောတောနီး က ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ကျင်းပခဲ့ကြသည့် KNU ဗဟိုကော်မတီ အစည်းအဝေးတွင် ကွန်ဂရက်ကို  ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။ 

ဒီဗီဘီ သတင်းတပုဒ်တွင် KNU ကွန်ဂရက်ကို ဖေဖော်ဝါရီလထဲတွင် ကျင်းပမည်ဟု ကေအဲန်ယူနှင့် နီးစပ်သူ တစ်ဦးကို ကိုးကား၍ ပြောထားသည်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် KNU ၏ ကွန်ဂရက်သည် ၁၇ ကြိမ်မြောက် ကွန်ဂရက်ဖြစ်သည်။ 

ပဒိုစောတောနီးက “အကြောင်းအရာတွေကတော့ အစုံပါပဲ။ ဒါကတော့ ကွန်ဂရက် ဆိုတာကတော့ ပြန်လည် ပြီးတော့ သုံးသပ်တဲ့ အပိုင်းတွေ ၄ နှစ်တာကာလမှာ ဘာတွေ လုပ်ကြသလဲ။ နောက် ရှေ့မှာ ဘာတွေ လုပ်ကြ မလဲ၊ နောက်ပြီးတော့ ကွန်ဂရက်က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခါကျတော့ ခေါင်းဆောင်အပြောင်းအလဲ အဲဒါတွေပါပဲ တခြားဟာတော့ မရှိပါဘူး” ဟု ပြောသည်။

၁၇ ကြိမ်မြောက် ကျင်းပမည့် KNU ကွန်ဂရက်တွင် ခေါင်းဆောင်များကို ပြန်လည်ရွေးချယ်ရန် အပြင် NCA စာချုပ်အတိုင်း ဆက်လက်ရပ်တည်ရန် သင့်/မသင့် နှင့် လက်ရှိ စစ်ကောင်စီကို တော်လှန်နေသည့် အဖွဲ့အစည်း များနှင့် ပူးပေါင်းမည် မပူးပေါင်းမည် စသည့်အကြောင်းအရာများကို ဆွေးနွေးရန်ရှိသည်ဟုလည်း သိရသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည် အခြား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့  ၉ ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

ဓါတ်ပုံ-ကရင်အမျိုးသား မီဒီယာ FB

Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ