မြန်မာကာကွယ်ရေးပစ္စည်းစက်ရုံများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့
မြန်မာကာကွယ်ရေးပစ္စည်းစက်ရုံများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့
-------
မြန်မာကာကွယ်ရေးပစ္စည်းစက်ရုံများ (ကပစ) ညွှန်ကြားရေးမှူးရုံးအား အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင် ချမှတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက သောကြာနေ့၌ ထုတ်ပြန်ကြေညာလိုက်သည်။
ဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုအာမခံ ထိန်းချုပ်ရေးရုံး OFAC က ရန်ကုန်မြို့ရှိ ကပစ- ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး နှင့် နေပြည်တော်က စစ်မှုထမ်းဟောင်းများအဖွဲ့တို့ကို အထူးသတ်မှတ်သော နိုင်ငံသားများနှင့် ပိတ်ဆို့သော လူပုဂ္ဂိုလ်စာရင်းတွင်ထည့်သွင်းကာ ဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျက်ရှိသည့် စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူ ၁၅ဦး၊ အဖွဲ့အစည်း ၁၀ခုတို့ကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုကို ဒီဇင်ဘာ ၁၀ရက် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် အမေရိကန်က အရေးယူဆောင်ရွက်လိုက်ခြင်းဖြစ်သည်။
အရေးယူပိတ်ဆို့ခံရသည့်စာရင်းတွင် စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပါဝင်ကြောင်း RFA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဆန်ရှင်သစ် ချမှတ်မှုတွင် မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ဆက်စပ်သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ပါဝင်သည်။
“အကျင့်ပျက်ခြစားမှုနှင့် ဆိုးဝါးသည့် လူ့အခွင့်အရေး အလွဲသုံးစားမှု ကျူးလွန်သူများ”အဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာနက စာရင်းသွင်းခံရသူများအဖြင့် ယခု ဆန်ရှင်သစ်အားဖြင့် အမေရိကန်ကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ခြင်းများ တားမြစ်ခံရမည် ဖြစ်သည်။
ဆန်ရှင်သစ် ချမှတ်မှုတွင် အမေရိကန်နှင့်အတူ ကနေဒါနှင့် ဗြိတိန်တို့ကလည်း ပူးတွဲပါဝင်လာသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင့်ကင်သည် ယခုသီတင်းပတ်အတွင်း အရှေ့တောင်အာရှခရီးစဉ်သွားရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံ အခြေအနေအား ဒေသတွင်းခေါင်းဆောင်များနှင့် ဆွေးနွေးမည် ဖြစ်သည်။
Comments
Post a Comment