စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသွားသော ရွှေပြည်အေးရွာသား ၂ ဦး ရဲစခန်းတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံး၊ ကျန် ၁၇ ဦးကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲထား


 စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသွားသော ရွှေပြည်အေးရွာသား ၂ ဦး ရဲစခန်းတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံး၊ ကျန် ၁၇ ဦးကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲထား


ရန်ကုန်၊ ဒီဇင်ဘာ ၂၁


အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၂၇ ရက်တွင် အကြောင်းမဲ့ဝင်ရောက်ဖမ်းဆီးသွားသော ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာသား ၁၉ ဦးအနက်မှ ဦးမောင်ညိုနှင့် ဦးစိုးတင့်တို့ ၂ ဦး တောင်ကြီး အမှတ် ၁ ရဲစခန်းတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားကြောင်းနှင့် ကျန် ၁၇ ဦးကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။


"၁၉ ယောက်ထဲမှာ အသက် ၆၉ နှစ်အရွယ် ဦးမောင်ညိုနဲ့ ၄၉ နှစ်အရွယ် ဦးစိုးတင့် ၂ ယောက် သေသွားပြီ၊ မနေ့ကထိ သူတို့ကို ဘယ်မှာဖမ်းထားတယ်ဆိုတာတောင်မသိရဘူး၊ ဒီနေ့မှ ဖမ်းခံထားရတဲ့ သူတစ်ယောက်က ရဲစခန်းထဲက ရဲဖုန်းနဲ့ ဆက်လာလို့ သိရတာ။ ဘယ်ရက်က သေတယ်ဆိုတဲ့ဟာကို ကျနော်ဖုန်းပြန်ဆက်မေးတော့ ဖုန်းမကိုင်တော့ဘူး" ဟု ၎င်းတို့၏ အသိမိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။


အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၂၇ ရက်တွင် ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၁၉ ဦးကို မျက်လုံးများကို အဝတ်စဖြင့်ပိတ်၊ ကြိုးများဖြင့် ချည်ကာ ဖမ်းဆီးသွားခဲ့သည်။


အဆိုပါ ရွာသား ၁၉ ဦးထဲမှ အချို့သည် ခွန်ဆာခေါင်းဆောင်သော MTA တပ်ဖွဲ့ဝင်ဟောင်းများဖြစ်ကြောင်း၊ လက်နက်ချပြီး ဥပဒေဘောင်အတွင်း အေးအေးချမ်းချမ်းနေထိုင်နေသူများဖြစ်ကြောင်း၊ နိုင်ငံတော်ဆီမှာ ကတိကဝတ်ပြုပြီး နေထိုင်နေသူတွေဖြစ်ကြောင်း၊ လက်ရှိတွင် ကျန် ရွာသား ၁၇ ဦးမှာ နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုခံထားရကြောင်း ရဲစခန်းအချုပ်တွင်း ညှင်းပန်းနှိပ်စက်ခံရမှုများ ရှိနိုင်ကြောင်း သိရှိရသည်။


"ကျနော်တို့က ဘာမှမလုပ်ဘူး၊ ဘာ PDF နဲ့မှလည်း မပတ်သက်ဘူး၊ ဘယ်အစိုးရပဲတက်တက် အေးအေးချမ်းချမ်းနဲ့ နေတဲ့သူတွေ၊ အခုနေတဲ့နေရာတွေဆိုလည်း နိုင်ငံတော်က ချပေးထားတဲ့နေရာတွေ၊ အိမ်ကအစဆောက်ပေးထားတာ။ ဥပဒေဘောင်အတွင်းမှာ ကျနော်တို့ ကင်းကင်းရှင်းရှင်းနေနေကြတာ ဒီလို ဖမ်းခံရတာတော့ မတရားဘူးပေါ့။ ကျနော်တို့မှာ ဘာလက်နက်မှလည်းမရှိဘူး၊ ဒီလိုပဲလုပ်ကိုင်စားသောက်နေတာ။ ၉၆ ခုနှစ်ကတည်းကဆိုတော့ အခုဆို ၂၅ နှစ်လောက် ရှိတော့မယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့ထဲမှာ ဆိုတော့ ကြားညှပ်သွားတာပေါ့။ အခု ကျန်တဲ့ ၁၇ ယောက်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲထားတယ်၊ ၁၃ ရက်နေ့မှာ ရမန်တစ်ကြိမ်ပြီးတယ်၊ ၂၇ ရက်နေ့ကို ထပ်ချိန်းထားတယ်။" ဟု ဖမ်းဆီးခံထားရသူများ၏ အသိမိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။


ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အနီးဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်  ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အထိနာသော စစ်ကောင်စီတပ်သည် ရွာများသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားများကို အကြောင်းမဲ့ဖမ်းဆီးခြင်းများ၊ လူသားဒိုင်းအဖြစ် လမ်းပြခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည်။


ဓါတ်ပုံ - အောက်တိုဘာလ ၂၇ ရက်တွင် ရွှေပြည်အေးရွာသား ၁၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားစဉ်

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ