အကူအညီများရရှိရေး အခက်အခဲများစွာ ကြုံနေရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

 

မြန်မာသည် လူသားချင်း စာနာထောက်ထားမှု အကူအညီများရရှိရေး အခက်အခဲများစွာ ကြုံနေရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
==============


မြန်မာနိုင်ငံသည် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရရှိနိုင်ရေးတွင် ဆိုးရွားသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်သည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ (၅၀) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင်  ၎င်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
 
အကူအညီများ ပေးအပ်မှုတွင် စစ်တပ်က ပြင်းထန်သည့် ကန့်သတ်မှုများ ချမှတ်ထားသည် ဟု သံအမတ်ကြီးက ဆိုသည်။ 

စစ်တပ်က အာဏာသိမ်းထားသရွေ့ လုံခြုံစိတ်ချရသည့် မည်သည့် စာနာထောက်ထားမှု အကူအညီကိုမျှ ပေးအပ်နိုင်မည် မဟုတ်ကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှု ကူညီ ကယ်ဆယ်ရေးများ အမြန်ဆုံး ရောက်ရှိနိုင်ရန် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အပါအဝင် တခြားနည်းလမ်းများကို ရှာဖွေရမည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်၌ စစ်တပ်က ပြည်သူ ၁၁ ဦးကို လက်နောက်ပြန် ကြိုးတုပ်ပြီး မီးရှို့ သတ်ဖြတ်ခဲ့ကြောင်းနှင့် ကြည့်မြင်တိုင်မြို့နယ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြ နေသူများကို စစ်တပ်က ကားဖြင့် တိုက်သတ်မှုများကိုလည်း ကုလမျက်နှာစုံညီ အစည်းအဝေးတွင် ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။ 

စစ်တပ် အာဏာသိမ်းချိန်မှ စ၍ ယခု  ဒီဇင်ဘာလ ၆ ရက်အထိ ခန့်မှန်းခြေပြည်သူ ၂၈၄,၇၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသူ ဦးရေ ၁‚၀၀၀‚၀၀၀ မှ ၃‚၀၀၀‚၀၀၀ (ဦးရေ တစ်သန်းမှ သုံးသန်း)အထိ မြင့်တက်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မှတ်တမ်းများအရ သိရသည်။



ယင်းအပြင် စစ်အာဏာသိမ်းမှုနှင့် COVID-19 ကပ်ရောဂါကြောင့် မြန်မာပြည်သူဦးရေ ထက်ဝက် နီးပါးသည် လာမည့်နှစ်အတွင်း ဆင်းရဲနွမ်းပါးမည့် အခြေအနေနှင့် ရင်ဆိုင်ရမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က ခန့်မှန်းထားသည်။

လာမည့်   ခြောက်လတာ ကာလအတွင်း မြန်မာပြည်သူ ၂ ဒသမ ၆ သန်းသည် အစားအစာ လိုအပ်ချက် ရှိမည်ဟုလည်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ခန့်မှန်းထားသည်။
=====================



Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ