ကျဆုံး ချင်းသူရဲကောင်း ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို ယနေ့ သင်္ဂြိုဟ်


 ကျဆုံး ချင်းသူရဲကောင်း ရဲဘော် ၃ ဦး၏ ရုပ်အလောင်းများကို ယနေ့ သင်္ဂြိုဟ် 
-----------------------
ထန်တလန် မြို့တွင်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) (CDF-Thantlang )အဖွဲ့ဝင် သူရဲကောင်း ရဲဘော် သုံးဦး၏ ရုပ်အလောင်းများကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် ၎င်းတို့၏ မွေးရပ်ဇာတိ အသီးသီး၌ ခရစ်ယာန် ထုံးစံအတိုင်း သင်္ဂြိုဟ်ခဲ့သည်ဟု 
CDF-Thantlang အဖွဲ့ဝင် တစ်ဦးက‌ ပြောသည်။ 

ထန်တလန်မြို့ AG ဘုရားကျောင်းအနီး၌ ဒီဇင်ဘာလ ၈ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ၎င်းတို့ ကျဆုံးခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် ညပိုင်းတွင် ရုပ်အလောင်းများ သွားရောက် သယ်ယူနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။ 






ထန်တလန်မြို့ AG ဘုရားကျောင်းအနီး အိမ်မီးရှို့ ရန် ပြင်ဆင်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့များကို CDF- Thantlang တပ်ဖွဲ့ငယ် တစ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ အသင့်အနေထားဖြင့် စောင့်ဆိုင်းနေကြသော စစ်ကောင်စီ တပ်သားများက အလစ်တိုက်ခိုက်၍ အကျအဆုံးနှင့်  ဒဏ်ရာရသူ များခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ အဖွဲ့ဝင်က ဆိုသည်။ 

"တော်တော်လေး စိတ်မကောင်းရတာက သေဆုံးသူ သုံးယောက်ရဲ့ ကိုယ်ခန္ဓာကိုပဲ ပြန်ရရှိပြီးတော့ ခေါင်းတွေ ပါမလာခဲ့ဘူး။ စစ်တပ်က ကျွန်တော်တို့ ချင်းတွေကို အကြောက်တရားနဲ့ ချုပ်ကိုင်ချင်လို့ သေနတ်ထိပြီး သေပြီးတဲ့ သူတွေကို ခေါင်းဖြတ်ပစ်တာ။ ခေါင်းတွေကို ရှာမတွေ့ခဲ့ဘူး။ ဒီလုပ်ရပ်က ကျွန်တော်တို့တွေက မကြောက်တဲ့အပြင် ပိုနာကြည်းကြမှာ"ဟု ၎င်းက ပြောသည်။ 

အဆိုပါတိုက်ပွဲတွင် ကျဆုံးသွားသည့် သူရဲကောင်းရဲဘော် သုံးဦးမှာ ဆလိုင်းရမ်လျန်ပဲန်၊ ဆလိုင်း ဗန်ထာကျဲအိုနှင့် ဆလိုင်းဘွေဇာအုပ်တို့ ဖြစ်ကြပြီး အခြား ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးနှင့်ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့၀င် တစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြသည်။ 

ကျဆုံးရဲဘော် သုံးဦး၏ မိသားစု၀င်များနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြောင်းနှင့် ၎င်းတို့၏ အသက်ပေးဆပ်မှု အတွက် ဂုဏ်ယူကြောင်း CDF-Thantlang အဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။ 

ပုံ - CDF- Thantlang တပ်ဖွဲ့၀င် သူရဲကောင်း ဆလိုင်းဗန်ထာကျဲအို ဈာပနအခမ်းအနား

Comments

Popular posts from this blog

အင်းစိန်မြို့နယ်မှာ နှစ်ရက်အတွင်း လုယက်မှု (၂)ကြိမ်ဖြစ်ပြီး သိန်းကိုးထောင်ကျော်ပါသွား

Click To Donate

မန္တလေး-မုံရွာကားလမ်းမှာ ပဒေသာမိုင်းပေါက်ကွဲ ၊ ရဲ ၅ ဦး နဲ့ အရပ်သား ၁ ယောက် ပြင်းထန်ဒဏ်ရာရ