မြ၀တီနှင့်ကော့ကရိတ်မြို့နယ်များသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးထိခိုက်ဒဏ်ရာရနိုင်




 ကရင်ပြည်နယ်၊ လေးကေ့ကော်တွင် စတင်သော တိုက်ပွဲများ မြ၀တီနှင့်ကော့ကရိတ်မြို့နယ်များသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးထိခိုက်ဒဏ်ရာရနိုင်


ရန်ကုန်၊ ဒီဇင်ဘာ ၁၆ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ မယ်ထော်သလေးတွင် ဒီဇင် ဘာလ ၁၅ ရက်နေ့ စတင်လိုက်သော တိုက်ပွဲများသည် မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များအတွင်းသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း KNLA သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


ယမန်နေ့က လေးကေ့ကော်တိုက်ပွဲတွင် ၂၀ နီးပါး စစ်ကောင်စီတပ်ဘက်မှ သေဆုံးခဲ့ပြီး ယနေ့တွင်လည်း စစ်ကောင်စီဘက်မှ ၃၀ နီးပါး သေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးထိခိုက်ဒဏ်ရာရရှိသူသူ ၅၀ နီးပါး ရောက်ရှိလာပြီဖြစ်ကြောင်း၊ သေဆုံးသူများတွင် အရာရှိများပါဝင်ကြောင်း သိရှိရသည်။ 


"ဒီညနေပိုင်းနဲ့ညပိုင်းမှာ အလောင်းလာကောက်မယ်ဆိုလို့ ပစ်တာကို ခဏရပ်ပေးထားလိုက်တယ်။ မယ်ထော်သလေး ကွမ်းယာဆိုင်နားမှာတင် အလောင်းတွေက ဖွေးနေပြီ။ အတုန်းအရုန်းပဲ။ အခု ညနေပိုင်းနဲ့ ညပိုင်းမှာ BGF ဘက်က အလောင်းလာ ကောက်နေတယ်။ ကောက်ခွင့်ပေးလိုက်တယ်" ဟု KNLA သတင်းရင်းမြစ်က ပြောသည်။


ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ ဒီဇင်ဘာလ ၁၆ ရက်တွင် ဘဟိကလော်၊ မြဝတီ-ကော့ကရိတ်ကြား အာရှလမ်းမ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ကျော် သေဆုံးကြောင်း သတင်းရရှိသည်။


အလားတူ လေးကေ့ကော်ဘက်သို့ စစ်ကူရန်လာရောက်သော အကြမ်းဖက်စစ်ကောင်စီကားများကို KNLA တပ်ရင်း ၁၈ နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့မွန်းလွဲ ၃ နာရီခွဲခန့်တွင် အာရှလမ်မ၊ တောနော်ရေတံခွန်အနီးတွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးဒဏ်ရာရပြီး စစ်ကား ၁ စီး ပျက်စီးသွားကြောင်း သိရှိရသည်။


ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိသဖြင့် လမ်းမကြီးအား အသုံးမပြုကြရန် ဒေသခံပြည်သူများကို ပူးပေါင်းတပ်ဖွဲ့က သတိပေးနှိုးဆော်ထားသည်။


ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ကြား ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း ဒေသသတင်းရင်းမြစ် KO news က ရေးသားဖော်ပြသည်။


ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်ကျေးရွာအတွင်းသို့ ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကား ၁ စီးကို KNLA က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNLA တပ်သား ၁ ဦး ခြေထောက် ကျည်ထိမှန် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။


တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့်ပတ်သက်ပြီး KNU ဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်း တစ်စုံတစ်ရာမရှိသေးသကဲ့သို့ အတည်ပြုခြင်းလည်း မရှိသေးပေ။

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ