တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် ကိုယ့်တပ်ကို ဗုံးမှားကျဲမှုများရှိခဲ့၊ နေပြည်တော်တွင် စစ်ရေး အစည်းအဝေး ခေါ်ယူ


 မုံးကိုးတွင် MNDAAစခန်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် ကိုယ့်တပ်ကို ဗုံးမှားကျဲမှုများရှိခဲ့၊ နေပြည်တော်တွင် စစ်ရေး အစည်းအဝေး ခေါ်ယူ


ရန်ကုန်၊ ဒီဇင်ဘာ ၂၁ 


ရှမ်းပြည်နယ်၊ မုံးကိုးတွင် MNDAA ၏ မန်ရန်စခန်းကို စစ်ကောင်စီက အင်အား ၅၀၀ ဖြင့် အပြင်းအထန် ထိုးစစ်ဆင်ရာတွင် တိုက်လေယာဉ်ဖြင့်ပါ ဗုံးကျဲတိုက်ခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်များအပေါ် မှားယွင်း ဗုံးကျဲမှုများ ရှိခဲ့ကြောင်း စစ်ရေးသတင်းရပ်ကွက်ထံမှ သိရှိရသည်။ 


MNDAA ၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁၉ ရက်နေ့ စစ်ကြောင်း ၃ ကြောင်းဖြင့် MNDAA တပ်စခန်းကို စစ်တပ်က ထိုးစစ်ဆင်ရာတွင် လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ၊ စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း (၁၅) ၊ (၅၉)၊ (၇၉)၊ (၁၁၃) နှင့် တပ်မ (၇၇)လက်အောက်ခံ တပ်ရင်း(၃၁၃) စုစုပေါင်း လူအင်အား(၅၀၀)ကျော်ဖြင့် ထိုးစစ်ဆင်လာကြောင်း၊ MNDAA ဘက်က အကောင်းဆုံးခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀၀ နီးပါး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ MNDAA ဘက်မှ ၂ ဦးကျဆုံးပြီး ၆ ဦဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ 


"လေကြောင်းပစ်တာမှာ ကိုယ့်တပ်ပေါ် ကိုယ်ဗုံးကျဲပစ်ခတ်မှုဖြစ်တယ်ဆိုတာမျိုး တပ်ထဲမှာ သတင်းတွေ ထွက်လာပါတယ်။ စစ်ဆေးမှုတွေ လုပ်မယ်လို့လည်း ကြားပါတယ်။ ဒါမှမဟုတ် အရှက်ပြေ အကျအဆုံးများလို့ သတင်းလွှင့်တာလားလည်း သေချာတော့ မသိပါဘူး။ သေချာတာကတော့ MNDAA ကိုးကန့်နဲ့တိုက်ပွဲမှာ အသေအပျောက် အရမ်းများပြီး စစ်ကြောင်းအလိုက်ပါ ပျောက်သွားတဲ့အထိ အသေများသွားတယ်။ အကျ အဆုံးများတာအတွက်လည်း တပ်တွင်းစစ်ဆေးမှုတွေ လုပ်နေတယ်" ဟု နေပြည်တော် စစ်ဘက်သတင်းရပ်ကွက်နှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။ 


နေပြည်တော်စစ်ရုံးတွင် ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ်တွင် ရင်ဆိုင်နေရသည့် စစ်ပွဲ၊ ရှမ်းပြည်နယ်တွင် ရင်ဆိုင်နေရသည့် စစ်ပွဲများ အပါအဝင် နိုင်ငံတစ်ဝန်း ရင်ဆိုင်နေရသည့် စစ်ပွဲများနှင့်ပတ်သက်၍ မည်သို့မည်ပုံ ဆက်လက်ရင်ဆိုင်မည်ဆိုသော မဟာဗျူဟာအစည်းအဝေးများ ကျင်းပလျက်ရှိကြောင်း၊ ယခင်အစည်းအဝေးများတွင် ဒီဇင်ဘာလအတွင်း လက်နက်ကိုင်တော်လှန်မှုများကို အပြီး သတ်ချေမှုန်းရေး စစ်ဆင်ရေးများ ချမှတ် အကောင်အထည်ဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ မင်းအောင်လှိုင်ကိုယ်တိုင် စစ်ဘက်ဆိုင်ရာအစည်း အဝေးများ တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။


ဓာတ်ပုံ-  အကြမ်းဖက်စစ်ကောင်စီတပ်သားများ။


Photo - Agency

Comments

Popular posts from this blog

မြိတ်-ထားဝယ် လမ်းမပေါ်တွင် ခရီးသည်တင်ကားများနှင့်ကုန်တင်ကားများကို စစ်တပ်က ပစ်ခတ်၊ ကုန်တင်ကားဆရာသေဆုံးပြီး ခရီးသည် ၃ ဦးဒဏ်ရာရ

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမှု ကာဒီနယ်ချားစ်ဘိုကို ICJM အသင်းတော်က ပြင်းပြင်း ထန်ထန်ရှုတ်ချ၊ တွေ့ဆုံမှုသည် ခရစ်ယန် ကက်သလစ် ဘာသာဝင်များကို ကိုယ်စားမပြုဟုထုတ်ပြန်

ဖားကန့်‌မှာ ဒီကနေ့မနက်အစောပိုင်း မြေစာပုံပြိုကျလို့ လူ ၁၀၀ ကျော်ခန့် ပျောက်ဆုံးနေ